News Releases

Chubb Life မှ မြန်မာနိုင်ငံတွင် ပထမဆုံး ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေး အက်ပလီကေးရှင်း ကိုစတင်မိတ်ဆက်
Jan 14, 2021
လူတိုင်းက သူတို့ရဲ့ဘဝကို ကျန်းမာစွာနေထိုင်ဖို့ထိုက်တန်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်တဲ့အတွက်ကြောင့် Chubb LifeBalance ကို လူတိုင်းအတွက် အခမဲ့ရယူအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်

ရန်ကုန်၊ မြန်မာ၊  ဇန်နဝါရီ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ။ Chubb Life Myanmar မှ မြန်မာနိုင်ငံ၏ ပထမဆုံး​သော ဘက်ပေါင်းစုံ ကျန်းမာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေးအတွက်  နေ့စဉ်သုံး အက်ပလီကေးရှင်း (360-degree App) တစ်ခုဖြစ်သော Chubb LifeBalance ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ကြောင်း ယ​နေ့​တွင် ကြေညာခဲ့သည်။ ၂၀၂၀ ခုနှစ် ဧပြီလတွင် စတင်မိတ်ဆက်ခဲ့​သော ၎င်း အက်ပလီကေးရှင်းသည် ယခုအခါ မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီဖြစ်သည့်အတွက် အသုံးပြုသူများ အဆင်​ပြေ​ချော​မွေ့စွာ အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ တစ်ခုတည်း​သော ​မြန်မာဘာသာသုံး App ဖြစ်သည်။

 

Chubb LifeBalance သည်​ အသုံးပြုသူများအတွက် ကျန်းမာ​​​သော လူမှုဘဝကို ပိုင်ဆိုင်နိုင်ရန် နောက်ဆုံး​ပေါ် AI နည်းပညာ (Artificial Intelligence) ကို အသုံးပြုကာ အစာအဟာရဖြည့်စွက်စားသုံးခြင်း၊ အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်း စသည့်ကျန်းမာ​ရေးကဏ္ဍများအတွက် ကမ္ဘာ့ကျန်းမာ​ရေးကျွမ်းကျင်ပညာရှင်များမှ ပုံဖော်ရေးဆွဲထားသည့် ကိုယ်ပိုင်နည်းပြ (personalized virtual coach) ကို ထည့်သွင်းထားပါသည်။ အက်ပလီကေးရှင်းအတွင်း မှတ်ပုံတင်ရာတွင် အလွန်လွယ်ကူလှပြီး ဆေးဘက်ဆိုင်ရာ လက်​တွေ့စာတမ်း​ပေါင်း ၂,၅၀၀​ ကျော် နှင့် နှစ်​ပေါင်းများစွာမှ လူသန်းပေါင်း ၃၀၀ ကျော်၏ ဆေးမှတ်တမ်း လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အသုံးပြုသူ၏ ကိုယ်ပိုင်ကျန်းမာ​ရေးရမှတ် (personalized health score) ကို လွယ်ကူစွာ တွက်ချက်နိုင်ပါသည်။ ၎င်း App သည် အသုံးပြုသူများအတွက် ကျန်းမာ​ရေးနှင့်ဆိုင်သော ကိုယ်ပိုင်ရည်မှန်းချက်များ ချမှတ်​နိုင်ရန် ​​နှင့် ထိုရည်မှန်းချက်များကို အ​ကောင်ထည်​ဖော်နိုင်ရန်‌ နေ့စဥ်လှုံ့​ဆော် ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ ထိုကျန်းမာရေးရမှတ်သည် အသုံးပြုသူ၏ လူနေမှုဘဝပုံစံအပေါ် အခြေခံ၍ အချိန်နှင့်အမျှပြောင်းလဲနေမည်ဖြစ်ပြီး အသုံးပြုသူ၏ ကျန်းမာရေးတိုးတက်မှုအခြေအနေ ကိုညွှန်ပြပေးမည်ဖြစ်သည်။

 

Chubb Life Myanmar ၏ Country President ဖြစ်သူ Mr Son Nguyen မှ “အခုလို သာမာန်မဟုတ်တဲ့အချိန်မျိုးဖြစ်တဲ့ COVID-19 ဖြစ်​နေချိန် နဲ့ COVID အလွန်ကာလ​တွေမှာ လူတိုင်းက ကိုယ့်ရဲ့ကျန်းမာ​ရေးကို ကာကွယ်​စောင့်​ရှောက်ဖို့ အကူအညီလိုအပ်တယ်လို့ ယုံကြည်ပါတယ်။ Chubb LifeBalance က ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု အတွက်ပါမက အိပ်စက်မှု၊ စားသောက်မှုပုံစံ၊ စိတ်နဲ့ ခန္ဓာကိုယ်တို့ရဲ့ ကျန်းမာသန်စွမ်းရေးအတွက်ပါ အဓိကအာရုံစိုက်ပြီး ဂရုစိုက်ပေးတဲ့အတွက် အသုံးပြုသူတိုင်းရဲ့ ကျန်းမာရေးကို အတွေးသစ် အမြင်သစ်နဲ့ မြင်နိုင်အောင် ကူညီပေးပါတယ်။   ” ဟု ​ပြောကြားခဲ့သည်။

 

ဆက်လက်၍ Mr Nguyen က Chubb Life အနေဖြင့် မြန်မာပြည်တွင် ယခု App အား မိတ်ဆက်ရခြင်း၏ ရည်ရွယ်ချက်ကို ဆွေး​နွေးရာတွင် “အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကျန်းမာရေး အတွက် ကုန်ကျစရိတ်က ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် အမြဲတမ်း ပိုကောင်းပြီး အပြုသဘောဆောင်တဲ့ ရွေးချယ်မှု​တွေကို ပြုလုပ်ခြင်းအားဖြင့် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အန္တရာယ်ကို လျော့နည်းစေနိုင်ပါတယ်။    ကျန်းမာရေးနှင့်အညီစား​သောက်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့်  ပိုမိုသတိရှိခြင်း စတဲ့အ​လေ့ကျင့်​ကောင်း​တွေက မြန်မာနိုင်ငံမှာ​ သေဆုံးမှုအများဆုံးဖြစ်နေတဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ဆီးချိုရောဂါ စတဲ့ ကျန်းမာရေးပြဿနာ​တွေကို လျှော့ချပေးနိုင်ပါတယ်။ လူတိုင်းက သူတို့ရဲ့ဘဝကို ကျန်းမာစွာနေထိုင်ဖို့ထိုက်တန်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်တဲ့အတွက်ကြောင့်  Chubb LifeBalance ကို လူတိုင်းအတွက် အခမဲ့ရယူအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်” ဟု ​ပြောကြားခဲ့သည်။

 

Chubb LifeBalance သည် ကျန်းမာ​ရေးကိရိယာမျိုးစုံ နှင့်ချိတ်ဆက်ထားသည့်အပြင် အခြားကျန်းမာရေး App များဖြစ်​သော Fitbit၊ Strava၊ Garmin နှင့် Apple Health တို့ဖြင့် ချိတ်ဆက်ထားသောကြောင့် ခြေလှမ်းအ​ရေအတွက်၊ အိပ်ချိန်၊ အစားအသောက်ပုံစံ နှင့် အသက်ရှုနှုန်း တို့ကို မှတ်တမ်းတင်ပေးထားနိုင်သည်။ ထို့အပြင် ၎င်း App မှတစ်ဆင့် သူငယ်ချင်း၊ မိသားစုဝင်များကိုပါ အတူဖိတ်ခေါ်ပြီး အချင်းချင်းအား​ပေးကူညီခြင်း၊ ယှဥ်ပြိုင်ခြင်းများ ပြုလုပ်နိုင်သည်။

 

Chubb LifeBalanace App သည် Chubb Life မှ အာမခံဝန်ဆောင်မှု အတွက်များသာမက လူများ၏ကာကွယ်မှုလိုအပ်ချက်များကို ဖြည့်ဆည်းရန် နည်းပညာကိုအသုံးပြုနေသည့် နည်းလမ်းများစွာအနက်မှ တစ်ခုဖြစ်သည်။ Chubb LifeBalance App ကို Google Play နှင့် Apple App Store တို့တွင် အင်္ဂလိပ် ၊ မြန်မာ (၂) ဘာသာ ဖြင့် ရရှိနိုင်ပြီး ပိုမို​လေ့လာရန် mm.chubblifebalance.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

______________________

ကိုးကား - https://www.cdc.gov/globalhealth/countries/burma/index.html

 

Chubb အ​ကြောင်း

Chubb သည် ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ အများပိုင် အာမခံကုမ္ပဏီ တစ်ခု ဖြစ်သည်။ Chubb သည် နိုင်ငံနှင့်ဒေသပေါင်း ၅၄ ခုတွင်လည်း စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ တစ်ဆင့်အာမခံ နှင့် အသက်အာမခံ လုပ်ငန်းတို့ကို စီးပွားရေးလုပ်ငန်း အမျိုးမျိုးနှင့် လူတန်းစားမျိုးစုံတို့အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ Chubb သည် အာမခံလုပ်ငန်းကုမ္ပဏီ တစ်ခုအနေဖြင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုအန္တရာယ် များကို မှန်ကန်သောနည်းလမ်းယူဆချက်များ၊ ကျင့်ဝတ်စည်းကမ်းများ အတိုင်း စိစစ်အကဲဖြတ်ပြီးစီမံ ဆောင်ရွက်လျက်ရှိပါသည်။  အာမခံဝယ်ယူသူတို့၏ ရသင့်ရထိုက်သော အာမခံလျော်ကြေးများကိုလည်း မျှတမှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ပေးလျက်ရှိပါသည်။ စုံလင်သော အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှု များပေးခြင်း၊ ကွန်ရက်ကျယ်ပြန့်ခြင်း၊ ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုရှိခြင်း၊ ဒေသအလိုက်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း နှင့် ကမ္ဘာ့တစ်ဝန်း ဖြန့်ကျက်ထားနိုင်စွမ်းရှိခြင်း စသည့် အရည်အသွေးများသည် Chubb ၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ Chubb၏ မိခင်ကုမ္ပဏီဖြစ်သော Chubb Limited သည် နယူးယောက်စတော့ခ် အိတ်စ်ချိန်းတွင် စာရင်းဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီ (S&P 500) စာရင်းတွင်လည်း ပါဝင်ပါသည်။  Chubbသည် ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၃ဝဝဝဝ ကျော်ဖြင့် စီမံခန့်ခွဲရေး ရုံးဌာနများ ဖွင့်လှစ်ထားရှိပါသည်။ အသေးစိတ်သိရှိလိုပါက www.chubb.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

Chubb Life အကြောင်း

Chubb Life သည် Chubb ၏ နိုင်ငံတကာ အသက်အာမခံ ဌာနခွဲ တစ်ခုဖြစ်သည်။ Chubb Life သည် ပူးတွဲလုပ်ငန်းအဖြစ် တရုတ်နိုင်ငံတွင် တည်ရှိပြီး သီးသန့် ဌာနခွဲများအနေဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ ကိုရီယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် တည်ရှိသည်။ အသေးစိတ်သိရှိလိုပါက www.life.chubb.com/mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

Media Contacts

Shilpa Freemantle
Head of Marketing & Communications, Chubb Life
+852 2185 0207   

Shilpa.Freemantle@Chubb.com
 

Thant Thiha

Marketing & Communications Manager, Chubb Life Myanmar

+ 959 7952 80908

Thant.Thiha@Chubb.com